ဝတ္ထု၏ ပထမဝါကျတွင် ‘‘ဆိုလတ္တံ့သော ဝတ္ထု၌ ပါရှိသော အကြောင်းအရာ အဖြစ်အပျက်များသည် ကျွန်ုပ်တို့ မြန်မာဘုရင် သာယာဝတီ၊ ကုန်းဘောင်၊ ဟံသာဝတီ ၃ ဘွဲ့ခံ မင်းတရားကြီး ဘုရားရွှေလက်ထက်တော်ကစ၍ ပုဂံမင်းလက်ထက်တော်တိုင် မင်းနှစ်ဆက်မြောက် ထီးနန်းစိုးစံတော်မူသည့် အတွင်း အမှန်မုချ ဖြစ်ပွားသော အကြောင်းအရာများချည်း ဖြစ်သည့်အပြင်၊ ကျွန်ုပ်တို့ ဘုရားလောင်းတော် ဇနကမင်း၏နည်း၊ အတိဒုက္ခကြုံကြိုက်ရသည့်အခါတွင် လုံ့လ၊ ဝီရိယကို မလျှော့သော ယောက်ျားအင်္ဂါနှင့် ညီညွတ်စွာ ဆောင်ရွက်သည့် အကျိုးအားဖြင့် သေမည့်ဘေးမှ လွတ်ထွက်ပြီးလျှင် အချိန်သင့်တိုင် ရောက်ကာလ သူဌေးသူကြွယ်၏ ဘဝကို ရရှိရုံမက ငယ်ရွယ်စဉ်အခါက ချစ်ခင်စုံမက်ကြပြီးနောက် နှစ်ပေါင်းများစွာ ကွဲကွာနေရသူ မိန်းမနှင့် ပြန်၍ပေါင်းသင်းရသည်များကို ဗဟုသုတအရာ လိုလားသူ အမျိုးကောင်း သားသမီးတို့ သိမှတ်အပ်သည့်အတိုင်း ဖြစ်ပျက်သည့် အကြောင်းအရဪ အစီအစဉ်အလျောက်အရှည်ပြဆိုပေကုန်အံ့’’ ဟု ဖော်ပြပါရှိသည့်အတိုင်း အဓိက ဇာတ်ကောင် နှစ်ဦးဖြစ်သော မောင်ရင်မမောင်နှင့် မမယ်မတို့သည် ငယ်ရွယ်စဉ်က ချစ်ခင်စုံမက်၊ နှစ်ဖက်မိဘများ သဘောတူ လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲပြီး၍ မကြာမတင်ပင် ကွဲကွာသွားကြပြီးလျှင် နှစ်ဦးစလုံး အတိဒုက္ခရောက်ကြပြီးနောက်တွင် မောင်ရင်မောင်သည် သူဌေးသူကြွယ်ဘဝ ရရှိ၍ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရသော ငယ်ချစ် မမယ်မနှင့် ပြန်ပေါင်းရသည့် အကြောင်းပင် ဖြစ်လေသည်။
ဆရာကြီး ဂျိမ်းစ်လှကျော်သည် ဤ ‘‘မောင်ရင်မောင် မမယ်မ’‘ ဝတ္ထုကို ‘‘ဤသူနှစ်ဦး (ကိုရင်မောင်နှင့် မမယ်မ) သည် ၆ နှစ်ကျော် ၇ နှစ်ခန့် ဒုက္ခဆင်းရဲကြီး ရောက်လျက် ကွဲ၍နေပြီးမှ တဖန်ပြန်၍ ပေါင်းမိလျှင်’‘ ဟု အဆုံးသတ်ထားပြီးနောက် ဒုတိယပိုင်းဖြစ်သော ငယ်ချစ်နှစ်ဦး ပြန်လည်ဆုံစည်းပြီးမှ မျိုမတတ် ချစ်မဝဖြစ်လျက် အမွေအနှစ်များဖြင့် ချမ်းသာစွာ နေထိုင်ကြပုံများကို အစွမ်းကုန် ရေးသားရန် စီစဉ်ပြီးလုဆဲဆဲတွင် ကွယ်လွန်သွားခဲ့သည်။