လရဲ့အောက်ဘက် မိုင်အဝေးမှာ စာအုပ်ဟာ ဆရာမဂျူးရဲ့ ငါးရာနှစ်ဆယ့်ရှစ် မေတ္တာအကြောင်း ရေးဖွဲ့ထားတဲ့ ချစ်စဖွယ် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ညီအကို နှစ်ဦးရဲ့ မေတ္တာ၊ သားနှစ်ယောက်မိခင်ရဲ့ သားတွေအပေါ် ထိန်းကျောင်း ပဲ့ပြင်ပုံ၊ လူငယ်နဲ့ မိဘအကြား ဖြစ်တတ်သော ပြသနာများနှင့် မိဘနှင့် သားသမီးအကြားက ပြသနာတစ်စုံတစ်ရာကို ဘယ်လို ကိုင်တွယ် ညှိနှိုင်း ဖြေရှင်းမလဲ ဆိုတာတွေကိုပါ ဆရာမဂျူးက ထည့်သွင်းပုံဖော်ထားပါတယ်။ ဒါ့အပြင် မြီးကောင်ပေါက်အရွယ်တွေအတွက် sex educationလိုအပ်ပုံကိုပါ မီးမောင်းထိုးပြထားတဲ့ စာအုပ်တစ်အုပ်ဆိုရင်လည်း မမှားပါဘူး။ သားနှစ်ယောက်ကို ပုံစံတကျ ပြုစုပျိုးထောင်ထားသော မိခင် ဒေါ်ခင်သန့်စင်ရဲ့ ခံယူချက်၊ အမေ့အလိုကျ နေထိုင်ရင်း လိုအပ်ချိန်မှာ အမေ့တွက် အားတစ်ခုအဖြစ် မားမားမတ်မတ်ရပ်တည်ပေးနိုင်တဲ့ သားကြီး သိဒ္ဓိ၊ ပုံမှန်ဘဝက ဖောက်ထွက် တွန်းကန်ပြီး အရာရာကို စူးစမ်းချင်သော သားငယ် ဒီပါ၊ ညီတစ်ယောက်ကို လမ်းမှန် မပို့နိုင်ပေမယ့် အလားတူ လူငယ်တစ်ယောက် ထပ်မံ မပျက်စီးရလေအောင် စိတ်ရော ကိုယ်ပါ ကူညီရင်း သားအမိ သုံးယောက် ဘဝထဲ ဝင်လာခဲ့တဲ့ နေရောင်ခန့်၊ စတဲ့ ဇာတ်ကောင်များရဲ့ အားပြိုင်မှုကြောင့် ဝတ္ထုဟာ စ လယ် ဆုံး ဆွဲဆောင်မှုအပြည့် ရှိလှပါတယ်။ ငါးရာနှစ်ဆယ့်ရှစ် မေတ္တာကို ဖော်ကျူးရင်း တစ်ထောင့်ငါးရာမေတ္တာကိုပါ ခပ်ပါးပါးလေး ထည့်သွင်းကာ လူငယ်နဲ့ မူးယစ်ဆေးဝါးအကြောင်း၊ လူငယ်နဲ့ HIV/AIDS ရောဂါအကြောင်းတို့ကိုလည်း ထည့်သွင်း ရေးသား ဇာတ်အိမ်ဖွဲ့ထားတာဖြစ်လို့ လူငယ်လူရွယ်တွေအတွက်ရော၊ လူငယ်လူရွယ်တွေကို ပြုစုပျိုးထောင်နေသော လူကြီးမိဘများပါ ဖတ်သင့်သော စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
အညွှန်း ခရက်ဒစ်။